Tik Tok, Viva Video, Mi Video အပါအဝင်တရုတ် applications ၅၉ ခုကို ပိတ်ပင်လိုက်တဲ့ အိန္ဒိယ

အိန္ဒိယနဲ့ တရုတ်ကြား နှစ်နိုင်ငံ တင်းမာမှုတွေကြောင့် တရုတ်နိုင်ငံထုတ် apps ၅၉ ခုကို အန္တရာယ်ရှိ app များအဖြစ် သတ်မှတ်ပြီး အိန္ဒိယနိုင်ငံက ပိတ်ပင်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ နည်းပညာဝန်ကြီးဌာနဟာ နည်းပညာ အက်ဥပဒေ ပုဒ်မ 69A အရ ခွင့်ပြုထားတဲ့ အခွင့်အာဏာကို အသုံးပြုပြီး တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာအတွက် အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့ ဝန်ဆောင်မှုတွေကို ပိတ်ပင်နိုင်တာ ဖြစ်ပါတယ်။

ဝန်ကြီးဌာနအနေနဲ့ အဆိုပါ app တွေဟာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို အိန္ဒိယနိုင်ငံရဲ့ ပြင်ပဆာဗာထံသို့ တရားမဝင် ပို့ဆောင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ 

ပိတ်ပင်ခဲ့တဲ့ အက်ပလီကေးရှင်း ၅၉ ခုမှာ နာမည်ကြီး Tik Tok အပြင် UC Browsers, Xiaomi ရဲ့ Mi Video Call, Helo, Clash of Kings, wechat, weibo, xender တို့လို လူသုံးများတဲ့ app တွေလည်း ပါဝင်ပါတယ်။ 

Tik Tok ဟာ အိန္ဒိယနိုင်ငံမှာ သုံးစွဲသူ သန်း ၂၀၀ ကျော် ရှိပြီး စုစုပေါင်းဒေါင်းလုဒ်ပြုလုပ်သူရဲ့ သုံးပုံ တစ်ပုံဟာ အိန္ဒ်ယနိုင်ငံက ဖြစ်ပါတယ်။