နှစ်ပေါင်း ၃၀ ပြည့်ခဲ့ပြီ ဖြစ်တဲ့ Microsoft Solitaire ဂိမ်း

Windows ကွန်ပျူတာတွေမှာ ပါဝင်တဲ့ Windows Solitaire (Microsoft Solitaire) ဂိမ်းဟာ ဒီနေ့ မေလ ၂၂ ရက်နေ့မှာ နှစ်ပေါင်း ၃၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီဂိမ်းဟာ ၁၉၉၀ ခုနှစ် Windows 3.0 မှာ စတင်ပါဝင်လာခဲ့ပါတယ်။ ဟိုးအရင်က ကွန်ပျူတာ အသုံးပြုသူတိုင်းအတွက် အပျင်းဖြေစရာ၊ အချိန်ဖြုန်းစရာ ဂိမ်းတစ်ခုပါ။

ယခုအခါမှာတော့ Windows အပြင် ဖုန်း၊ tablet တွေမှာပါ ဆော့ကစားနိုင်နေပြီ ဖြစ်ပြီး လစဉ် ကစားသူ ၃၅ သန်း ရှိတယ်လို့ Microsoft က ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆယ်စုနှစ် သုံးခုစာ ရပ်တည်လာခဲ့တဲ့ ဂိမ်းဖြစ်တဲ့အတွက် ဆော့ကစားသူ အများဆုံး ဂိမ်းတွေထဲက တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။

ဒီဂိမ်းကို မိုက်ကရိုဆော့ဖ်ရဲ့ အလုပ်သင်ဝန်ထမ်း Wes Cherry ဆိုသူက စတင် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒီဂိမ်းဟာ ၁၉၉၀ ကာလ Windows 3.0 ရဲ့ GUI (Graphical User Interface) နဲ့ အကျွမ်းတဝင်မရှိသေးတဲ့ အသုံးပြုသူတွေအတွက် Mouse ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်အောင် လေ့ကျင့်ဖို့ ရည်ရွယ် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Mouse ရဲ့ အခြေခံလုပ်ဆောင်ချက်တွေကို အသုံးပြုပြီး cards တွေကို ဖိပြီး ဆွဲယူတာ၊ လိုချင်တဲ့နေရာမှာ ချထားတာတွေကို ဂိမ်းကစားရင်း လေ့ကျင့်နိုင်စေခဲ့တာ ဖြစ်ပါတယ်။

မိုက်ကရိုဆော့အနေနဲ့ Solitaire ဂိမ်း နှစ် ၃၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ဂိမ်းကစားသူတွေကို ဖိတ်ခေါ်ပြီး online event တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။